သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်၏ နိဗ္ဗာန်ဈေးပွဲတော် ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျေးဇူးတော်ရှင် ပီနန်ဆရာတော်ကြီးအား အမှူးပြု၍ ပထမအကြိမ်အဖြစ် စတင်ကျင်းပအောင်မြင်ခဲ့ပါပြီ။ ထိုစဉ်က နိဗ္ဗာန်ဈေး ကျင်းပမည့်နေရာကို ရွေးချယ်ရန် စဉ်းစားကြသောအခါ ပထမအကြိမ် နိဗ္ဗာန်ဈေး ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ကြီးက သာသနာ့ဥသျှောင် အဖွဲ့ချုပ်တည်ရှိရာ သာသနာ့ဥသျှောင် ကျောင်းနှင့်လည်း မဝေးလှဘဲ နေရာထိုင်ခင်းလည်း သန့်ပြန့်ကျယ်ဝန်းသည့် PS-12 စာသင်ကျောင်းကို အသုံးပြုခွင့်တောင်း၍ ပြုလုပ်ကြရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။ ပထမအကြိမ် နိဗ္ဗာန်ဈေး ကျင်းပခဲ့ပြီးနောက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ လေးရက်နေ့တွင် PenAmerican Hotel ၌ ပြုလုပ်ခဲ့သည့် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်၏ ဒုတိယမြောက် နှစ်ပတ်လည် ညီလာခံ အစီးအဝေးတွင်လည်း နိဗ္ဗာန်ဈေးပွဲတော်များကို ဆက်လက်၍ လေးလ တစ်ကြိမ်၊ တစ်နှစ်လျှင် သုံးကြိမ် အလျှဉ်းသင့်သလို ကျင်းပသွားရန်ကိုလည်း စည်းဝေးတက်ရောက်ခဲ့သည့် သံဃာတော်များ အားလုံးက ဆုံးဖြတ်ညွန်ကြားတော် မူခဲ့ကြပါသည်။

ဒုတိယအကြိမ် နိဗ္ဗာန်ဈေးပွဲတော်သည် ၂၀၁၀ ခု ဧပြီလတွင် ကျင်းပမည်ဖြစ်ရာ မြန်မာ အတာသင်္ကြန်ရက်နှင့် တိုက်ဆိုင်ကြုံကြိုက်လျှက်ရှိရကား မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၏ နှစ်ဆန်း တစ်ရက်နေ့ဖြစ်သည့် ၂၀၁၀ ခု ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နှင့် တွဲဖက်၍ သင်္ကြန်ယိမ်းအကများ အငြိမ့်ပွဲများ၊ စတုဒိသာ အကျွေးအမွေးများဖြင့် ပထမအကြိမ် ကျင်းပခဲ့သည့် စာသင်ကျောင်း၌ပင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြပါသည်။

နိဗ္ဗာန်ဈေးတွင် ဈေးရောင်းလှူဒါန်းမည့် အလှူရှင်တို့သည် နိဗ္ဗာန်ဈေးကျင်းပရာဋ္ဌာနသို့ သွားလာသယ်ယူပို့ဆောင်မှူ အခက်အခဲ၊ ပန်းကန်ခွက်ယောက်အခက်အခဲ စသည့် မိမိတို့၏ အခက်အခဲများကို ကော်မတီအဖွဲ့အား အကြောင်းကြားထား ပါလျှင် အဆင်ပြေအောင် စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့်လည်း မိမိတို့၏ စီးပွားကိစ္စ၊ အလုပ်ကိစ္စတို့ကို ဖိတ်စာပါ သက်ဆိုင်သူတို့နှင့် ဆက်သွယ်မေးမြန်း၍ ကြော်ငြာပိုစတာများ လာရောက် ချိပ်ဆွဲ ကြော်ငြာနိုင်ပါသည်။

သို့ဖြစ်ရကား ဒါနကုသိုလ် ဝေယျာဝေစ္စကုသိုလ် စသည့် ကုသိုလ်အမျိုးမျိုးကို ရယူနိုင်သည့်၊ မိမိတို့ ကြိုက်နှစ်သက်သည့် မြန်မာအစားအစာမျိုးစုံနှင့် ထိုင်းအစားအစာတို့ကို တစ်နေရာတည်းတွင် စားသုံးနိုင်သည့်၊ မြန်မာ့ရိုးရာယိမ်းအက မြန်မာ့အငြိမ့်အကတို့ကိုလည်း ကြည့်ရှုခံစားနိုင်သည့် နိဗ္ဗာန်ဈေးပွဲတော်သို့ ကြွရောက်ပါဝင် ဆင်နွဲလျှက် ကုသိုလ်ပွားများ ပျော်ရွှင်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်အပ်ပါသတည်း။