‘‘ဒေါ်လေးစု မွေးနေ့  ဆုတောင်းကဗျာ’’
ဒေါ်လေးစုကြည် ဒို့ စုကြည်
မေမေစုကြည် ဒို့ စုကြည်
‘‘ဆန်း’’ရဲ့ သမီး စု ဇာနည်
ဇာနည်ဖွားမို့  စွန့် စားသည်။
နှင်းဆီနီနီ ပန်းတပွင့်
လန်းလန်းစွင့်စွင့် အနီရင့်
တခေတ်တပွင့် တခါပွင့်
ခွပ်ဒေါင်းကြယ်ဖြူ လူလူလွှင့်။
ရဲရဲရင့်ရင့် မြင့်မြင့်ကြံ
စည်းကမ်းရှိရန် ညီညွတ်ရန်
ပန်းတိုင်ရောက်ရန် သန္နိဋ္ဌာန်
လမ်းမှန်ကိုဖေါက် ရှေ့ ကလျှောက်။
ခေါင်းဆောင်ဂုဏ်မြောက် ရဲရဲတောက်
မခသူ့ အောက် လက်မမြှောက်
မြှောက်လို့ မမြောက် သူမဖောက်
ခြောက်လို့ မကြောက် ဒူးမထောက်။
မဖောက်မဖည် ညီကြမည်
မကြောက်မထီ ချီကြပြီ
ပြည်ထောင်စုသစ် ခေတ်သစ်ဆီ
ခေတ်ဟောင်းနေရစ် ခေတ်သစ်တည်။
ဒီမိုကရေစီ ရရှိရေး
အားလုံးအရေး ဒို့ အရေး
ငါတို့ အရေး သင့်အရေး
အားသစ်အင်သစ် ထွန်းသစ်စေ
ရဲစေရင့်စေ ယဉ်ကျေးစေ
ညီစေတည်စေ ချီပါလေ။
အောင်စေဦးစေ အေးပါစေ။
ဘေးဘယာ ရန်အပေါင်း
ဝေးပါစေကြောင်း အေးစေကြောင်း။
ဒေါ်လေးစုတွက် ဆုမွန်တောင်း
မေမေစုတွက် ဆုမွန်တောင်း။
မာကြောင်း သာကြောင်း ဗမာအပေါင်း
လက်ငင်းခု ငြိမ်းဆုရစေကြောင်း။
ဒေါ်လေးစု ဒေါ်လေးစု
မီးမီးတို့ ရဲ့  ဒေါ်လေးစု။
ဒေါ်လေးစု ဘေးရန်ကျော်
အချုပ်အနှောင်လွတ်စေသော်။
မေမေစု မေမေစု
သားသားတို့ ရဲ့  မေမေစု
မေမေစု သာစေကြောင်း
သားတို့  ဆုမွန်တောင်း။
ဒို့ စုကြည် ဒို့ စုကြည်
အောင်းဆန်းစုကြည် ဒို့ စုကြည်။
ဒီမိုကရေစီအောင်စေကြောင်း၊ ပန်းသပြေနဲ့ ညောင်ရေလောင်း။
ပြည်သူအပေါင်း၊ ဆုမွန်တောင်း။
(ဆုတောင်းဆုတောင်း ဒို့ ဆုတောင်း) ၂
မေတ္တာရေလောင်း၊ အေးစေကြောင်း။
မောင်စွမ်းရည်